Tuesday 2 August 2011

ရဲလျှင်ကြံ၊ ကြောက်လျှင်ပြန်

လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးရလိုကြ၏လော။ 
ထိုသို့ရလိုကြလျှင်ကား ဒုက္ခတို့ကို ပမာဏမထား ကြောက်အားမပိုဘဲ သဲမဲ၍ကြိုးကုတ်နောက်ဆုတ်တွန့်တိုခြင်း စိတ်ထားမရှိသင့်ကြပေ။ 

“ရဲလျှင်ကြံ၊ ကြောက်လျှင်ပြန်” ဟူသော နိယာမသြဝါဒကို အထောက်အထားပြုပြီး ကြိုးစားသင့်ကြပေ၏။
အနှောင်အဖွဲ့ ရေရခြင်းသည်ကား အစဉ်သဖြင့် အကျဉ်းအချုပ်တွင်ရှိသော လွတ်လပ်ကွန့်မြူးခြင်းမရှိသော စိတ်နေသဘောထားနှင့်နေကြရသည်သာတည်း။

သူရသတ္တိအနည်းငယ်တိုးပွားဖွံ့ဖြိုး တိုးတက်သန်စေ၍ ကျင့်ကြံရွက် ဆောင်ကြပါမူကား တနေ့နေ့တွင် မြန်မာပြည်ကြီးသည် အနှောင်အဖွဲ့မှ လွတ်မြောက်၍ အမျိုး၏ဂုဏ် ထင်ပေါ်ကျော်စောစွာ ဒြပ်သိက္ခနှင့် ပြည့်ဝသော အရည်အချင်းကိုရကြလျှက် ဦးခေါင်းမောင်၍ သွားလာနေထိုင်နိုင်ကြပေလိမ့်မည်။ 

ဤနည်းဥပဒေကိုကား တမျိုးသားသာလျှင်မဟုတ် ကမ္ဘာပေါ်ရှိ လူအပေါင်းတို့က ဓမ္မတာသဘာဝ နှစ်ခြိုက်မြတ်လေး ရှိကြသည်သာတည်း။

နှစ်ပေါင်း ၁၅၀- ပတ်လုံး အိန္ဒိယပြည်ကြီးသည် ဗြူရိုကရေစီ၏ လက်အောက်တွင် နိုင်ငံခြားက လာရောက်စိုးမိုးသူတို့၏ အစီအမံကိုခံပြီးမှ တိုင်းပြည်ရေးရာ၌ တိုင်းရင်းသားတို့ ဝင်ရောက် စီမံခန့်ခွဲရန် အခွင့်မရသော်လည်း သည်းခံကျေနပ်လျက် အမျိုးသားတို့၏ ဇာတိသွေးစိတ်တို့ ဆုတ်ယုတ်ရွေ့လျားလာသည်ကို ပမာမရှု ဂရုမထား စွမ်းအားမဆောင် ရှိနေခဲ့လေသည်။

ထိုသိုလျှင် အစိုးရတို့က ဝမ်းမြောက်အောင် ကတိပေးခြင်းဖြင့် ဝမ်းသာလိုက်ရခြင်း၊ ထိုကတိအတိုင်း ချမ်းသာခွင့်မရ မပေးသော်လည်း ရောင့်ရဲတင်းတိမ်လျက် ဗြူရိုကရက်တို့က အုပ်စိုး၍ (ထမ်းပိုး) တပ်ထားခြင်းကို သည်းခံလျက်နေကြသည်။

နောက်ဆုံးတစ်နေ့ တွင် အိမ်ခေါင်မိုး ကွဲအက်ပြိုလာသည်ကဲ့သို့နိုးကြားထကြွလာကြလေ၏။ 
မဟတ္တမဂန္ဒီ၏ နှိုးဆော်အားပေးသောသြဝါဒစကားမှာ “အိုအချင်းတို့ အကျဉ်းမှလွတ်မြောက်အောင် ထွက်သွားနိုင်ကြပါလျှင် အဘယ်ကြောင့် အနှောင်အဖွဲ့တည်းဟူသော ပိုက်ကွန်တွင်၌ နေကြဘိသနည်း။ 

အချင်းတို့၏ စိုးမိုးသူ အစိုးရပိုင်မင်း၏ လက်တွင်း ဓား၊ လှံ၊ သေနတ် လက်နက်အင်အားဗလရှိပေသည်။ 
သို့ပင်တစေ ထိုကာယဗလတည်းဟူသော လက်နက်အင်အားထက် ကြိးမားသော လက်နက်ကြီး ရှိပေသေးသည်။ 

အစိုးရနှင့် အစုံတရာ ဆက်ဆံပေါင်းသင်း ကူညီခြင်းမပြုဟူ၍ ပဟာယန ဥပေက္ခာသ ရှုကြလော့။ 

အစိုးရကို ကြည်ရှောင်ကြလော့။ 
ထိုသိုပပြုနိုင်ကြပေမူကား ထိုသေနတ်အမြောက် လက်နက်တို့သည် ကြူရိုးမြက်ခြောက်တို့ကဲ့သို့ အလိုအလျောက် အလဟဿ ကြေမွပျက်စီးကြရပေလိမ့်မည်”။

No comments:

Post a Comment